Registration No.: 53215489D

အယ်ဒီတာ့စကား

ကလေးနှင့် ဖတ်စရာစာ

ယေဘုယျဆိုရသော် လူတိုင်းလိုလို ငယ်စဉ်က စာသင်ခဲ့ကြဖူးသည်။

စာကို လုံးဝမသင်ခဲ့ရသဖြင့် စာမတတ်ကြသူ အနည်းငယ်ရှိကြသကဲ့သို့ သေစာရှင်စာလောက်သာ တတ်ကြသူများလည်း ရှိနေကြသည်။

မည်သို့ဆိုစေ အနည်းဆုံး ၇ တန်း ၈ တန်း အထိ စာများများသင်ခဲ့ တတ်ခဲ့ကြသူများကား မရှားလှ ပေ။

သို့ဖြစ်ရာ မြန်မာနိုင်ငံသည် စာတတ်သူများသောနိုင်ငံတစ်နိုင်ငံဟု ဆိုနိုင်ပါ၏။

မြန်မာနိုင်ငံလွတ်ရေးရသည့် ၁၉၄၈ ခုနှစ်က တစ်နိုင်ငံလုံးမှာ စာတတ်မြောက်မှု ၃၅% သာရှိခဲ့ရာမှ စာရေးသူကိုယ်တိုင်ပါဝင်လုပ်အားပေးခဲ့ဖူးသော ၁၉၆၄ ခုနှစ်က အရှိန်အဟုန်မြင့်စွာလှုပ်ရှားဆောင် ရွက်ခဲ့သည့် ‘အ’သုံးလုံး စာတတ်မြောက်ရေးလှုပ်ရှားမှုကြောင့် စာတတ်မြောက်မှုရာခိုင်နှုန်းမှာ ၇၅% အထိ ခုန်ပျံကျော်လွှား တိုးတက်လာခဲ့ပါသည်။

စာဖတ်တတ်သူများလာသောအခါ စာဖတ်သူအရေအတွက်လည်း များလာပါသည်။

ထိုအခါ များပြားသည့်စာဖတ်သူအရေအတွက်နှင့်လျှော်ညီသော စာပေထုတ်မှုလိုအပ်လာတော့ သည်။ စာပေ ထုတ်လုပ်မှုဟုဆိုရာတွင် လူကြီးများအတွက်သာမဟုတ်မူပဲ ကလေးနှင့် လူငယ်စာ ဖတ်ပရိသတ်များအတွက်ပါ စာပေများ စာအုပ်များ အလုံအလောက်ရှိရန် လိုအပ်လာတော့၏။

ယင်းစာဖတ်ပရိသတ်အမျိုးအစား ၃ မျိုးနှင့်စာပေထုတ်လုပ်မှုပမာဏကို တစ်စေ့တစ်စောင်း လေ့ လာကြည့်ပါက ကလေးများအတွက်ဖတ်စရာစာမှာ ယခုအခါ မဆိုသလောက်နည်းပါးနေသည်ကို စိတ်မကောင်းစွာ တွေ့ရှိရပါမည်။ နိုင်ငံ၏အနာဂတ်အတွက် အားထားကြရမည့် ကလေးလူငယ်များ သည် သူတို့၏ဦးနှောက်ဖွံ့ဖြိုးရေးအတွက် ကျောင်းဖတ်စာအုပ်မှလွဲပြီး အခြားဖတ်စရာစာအုပ်ဟူ၍ အလွန်ပင် နည်းပါးခဲ့ကြရရှာသည်။

အချို့  ရှိနေသောကလေးစာအုပ်များမှာလည်း စာအုပ်ဈေးနှုန်းအလွန်ကြီးမြင့်လာခြင်းနှင့် မိဖများ စားဝတ်နေရေး ကျပ်တည်းခြင်းတို့ကြောင့် လက်လှမ်း၍မမီဖြစ်နေပါသည်။ ယင်းအခက်အခဲကို နိုင်ငံတော်အစိုးရမှ နည်းလမ်းအသွယ်သွယ်ဖြင့် ကူညီပံ့ပိုးပေးသင့်ပါသည်။ 

စာရေးသူတို့ ငယ်စဉ်ကျောင်းသားဘ၀ကမူ လူကြီးများအတွက်ဖတ်စရာ စာအုပ်အမျိုးအစား အ မြောက်အများထွက်ရှိခဲ့သလို ကလေးများနှင့်လူငယ်များအတွက်လည်း တေဇရုပ်စုံ၊ ရွှေသွေး၊ မိုး သောက်ပန်း၊ ရွှင်ပြုံး အစရှိသော ဖတ်စရာ မှတ်စရာစာစောင်နှင့်ဂျာနယ်စာအုပ်အမျိုးအစား များ စွာထွက်ရှိခဲ့ကြပါသည်။ တစ်ဖန် ကလေးကဗျာစာအုပ်များ၊ ကလေးများအတွက် ကာတွန်းရုပ်စုံ လုံးချင်းစာအုပ်အမျိုးမျိုးနှင့် ဘာသာရေးဆိုင်ရာ ၅၅၀ ဇာတ်တော်ကြီးစာအုပ်များလည်း ထွက်ရှိခဲ့ သေးသည်။

ပြန်ကြားရေးဝန်ကြီးဋ္ဌာနမှလည်း ကလေးနှင့်လူငယ်ဆိုင်ရာ စာပေဗိမာန်နှင့်အမျိုးသားစာပေဆုများ နှစ်စဉ်ချီးမြင့်ပေးအပ်လျက် ကလေးနှင့်လူငယ်ဆိုင်ရာစာကောင်းပေမွန်များကို လူထုထံအရောက် ကျယ်ကျယ်ပျံ့ ပျံ့  ပို့ပေးနိုင်ခဲ့သည်။

စာမှ အတတ်ပညာ အသိပညာများရရှိနိုင်သကဲ့သို့ စာပေမှ ယဉ်ကျေးလိမ္မာမှုများ၊ နူးညံ့သိမ်မွေ့မှု များ၊ ကိုယ်ချင်းစာတရားများ၊ တွေးခေါ်မြော်မြင်မှုများရရှိနိုင်ပေရာ စာပေမြင့်မှ လူမျိုးတင့်နိုင်ပါမည်။

 

အယ်ဒီတာ

“ဒေါင်းမင်း”စာပေ   

စင်ကာပူနိုင်ငံ။

E-mail: editor@daunmin.com


ဘာသာပြန်စာအုပ်များ

မြန်မာလူမျိုးအတော်များများသည် စာဖတ်သည်ကို ၀ါသနာပါကြ၏။ စာဖတ်ရန်နှစ်သက်ကြ၏။

ဘုန်းကြီးကျောင်းစာနှင့် သေစာရှင်စာလောက်သာ တတ်ကြသူများကော ကျောင်းစာကောင်းကောင်းတတ်ကြသူ များပါ စာအုပ်စာစောင်တစ်ခုခုကိုတွေ့က ကောက်ပြီးယူဖတ်ကြလေ့ရှိ၏။

သတင်းစာကို ဖတ်သည်။ ဘုရားစာကို ဖတ်သည်။ သင်္ကြန်စာနှင့်ဗေဒင်ဟောစတမ်းများလည်း ဖတ်ကြသည်။ က ဗျာဖတ်သည်။ ၀တ္တုတို ၀တ္တုရှည်ဖတ်သည်။ ဆောင်းပါး ပြဇတ်များလည်း ဖတ်ကြသည်။ သည့်အပြင် ဘာသာပြန် စာအုပ်များကိုလည်း နှစ်သက်စွဲလန်းစွာ ဖတ်တတ်ကြပါသေးသည်။

 

မြန်မာပြည်တွင် အကြောင်းကြောင်းကြောင့် အင်္ဂလိပ်လို မဖတ်နိုင်သော မဖတ်ဖြစ်သော မြန်မာစာဖတ်ပရိသတ် များအတွက် ဘာသာပြန်စာအုပ်များ အများအပြားရှိသည်ဟု ဆိုနိုင်ပါသည်။ မူလက မည်သည့်ဘာသာစကားဖြင့် ပင် ရေးသားထားစေကာမူ မြန်မာဘာသာပြန်စာရေးဆရာအများစု (အားလုံးလိုလို)က အင်္ဂလိပ်ဘာသာမှသာ ပြန် ဆိုကြလေ့ရှိသည်။

 

မြန်မာပြည် လွတ်လပ်ရေးမရခင်ကာလကတည်းကပင် မြန်မာပြည်တွင် ဘာသာပြန်စာအုပ်များရှိခဲ့ပြီး လွတ်လပ် ရေးရပြီးနောက်ပိုင်တွင်မူ ဘာသာပြန်စာအုပ်များ အများအပြား ထွက်ရှိလာခဲ့လေသည်။ အမျိုးသားခေါင်းဆောင် ကြီးဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခုနှစ် ဇွန်လ ၆ ရက်နေ့က ရန်ကုန်မြို့  ပြည်လမ်းရှိ ဆိုရန်တိုဗီလာအဆောက် အအုံတွင်ပြုလုပ်ခဲ့သော မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ..

 

“စာအုပ်များ ထုတ်ဝေရေးကိစ္စတွင် ကျယ်ပြန့်သောလူထုလက်သို့ ပေါက်ရောက်နိုင်သော ဘာသာပြန်စာပေများ ထုတ်ဝေရေးကို အာရုံပြုသင့်ကြသည်။ ဘာသာပြန်ဌာနကြီးတခုကို ကျွန်ပ်တို့ဖွင့်လှစ်သင့်ကြသည်။“ ဟု တိတိ လင်းလင်း မိန့်မှာကြားပါသည်။ ဗိုလ်ချုပ်အောင်ဆန်းမိန့်မှာခဲ့ပြီး ၃ လခန့်အကြာဖြစ်သော ၁၉၄၇ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း (စာပေဗိမာန်) ကို စတင်တည်ထောင်နိုင်ခဲ့ပါတော့သည်။ နောင်တွင် စာပေဗိမာန်မှ ဦးစီးဦးရွက်ပြုကာ ဘာသာပြန်စာပေ စာတမ်းဖတ်ပွဲများကျင်းပပေးလျက် “ဘာသာပြန် စာပေစာတမ်းများ”စာအုပ်များကို အတွဲများစွာပုံနှိပ်ထုတ်ဝေပေးခဲ့ပါသည်။

 

ထိုစဉ်က နဂါးနီစာပေမှ ဘာသာပြန်ထုတ်ဝေသော အိုင်းရစ်သူပုန်များဖြစ်ကြသည့် ‘မိုက်ကယ်ကောလင်း'၊ ‘ဒင်ဘ ရင်း’၊ ‘ကိုယ်ပျောက်စစ်သား'၊ ‘လက်သီးပုန်း'၊ ‘ဆင်ဖိန်း'၊ 'သင်းထိုက်နှင့်သင်းကံ' အစရှိသောစာအုပ်များကိုဖတ်ပြီး မြန်မာလူငယ်များတွင် ဗြိတိသျှကိုလိုနီစနစ်ဆန့်ကျင်ရေးစိတ်ဓာတ်များ တစ်ဖွားဖွားပေါ်ပေါက်စေခဲ့ပါသည်။ တစ် နည်းဆိုရသော် ဘာသာပြန်စာပေသည် ကိုလိုနီစနစ်ဆန့်ကျင်ရေး၊ အမျိုးသားရေးနှင့် မြန်မာ့လွတ်လပ်ရေးကြိုးပမ်း မှုများတွင် တစ်တတ်တစ်အားပါဝင်ခဲ့ကြောင်း ထင်ရှားပါသည်။

 

တစ်ဖန် ဂျပန်ခေတ်အတွင်းတွင် ဘာသာပြန်ထွက်ရှိခဲ့သော ဆရာသခင်ဘသောင်း၏ 'ပန်းသာ မစာဥ'၊ ဆရာပီမိုး နင်း၏ 'သူရဲကောင်းသုံးယောက်' နှင့် ဆရာရွှေဥဒေါင်း၏ 'အိုင်ဗင်ဟို' စာအုပ်များမှာ မြန်မာစာပေတွင် တော်ဝင် ဘာသာပြန်လက်ရာစာအုပ်ကောင်းများအဖြစ် ကျန်ရှိခဲ့ပါသည်။ ၁၉၇၀ ခုနှစ်က မင်းသုဝဏ်၊ ဇော်ဂျီ၊ မောင်ထင်၊ ဦးထင်ကြီး၊ ဦးခင်ဇော်၊ သခင်ဘသောင်း၊ ဦးတင်ဧ၊ ဇ၀န၊ ဦးဝင်းဖေ၊ မှူးတင်နှင့် တက်တိုးတို့ ပါဝင်ရေးသားကြ သည့် "ဘာသာပြန်စာပေ” အမည်ရှိစာအုပ်ကို စာပေဗိမာန်ကပင် ထုတ်ဝေခဲ့ပါသေးသည်။

 

ဤစာရေးသူကိုယ်တိုင်ပင် ငယ်စဉ်က စာပေများဖတ်ရှုလေ့လာခဲ့စဉ်တွင် အခြားသောစာပေအမျိုးအစားများနှင့်အ တူ ဘာသာပြန်စာပေများကို လက်လှမ်းမီသ၍အတော်များများဖတ်ရှုနိုင်ခဲ့ပါသည်။ ဘာသာပြန်စာအုပ်များ တွင် ၀တ္တုအတိုအရှည် ကဗျာနှင့်ဆောင်းပါးများကို အဓိကအားဖြင့် ဖတ်ခဲ့ဖြစ်၏။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်ဖြစ်သဖြင့် ဆိုရှယ်လစ် ကွန်မြူနစ်နိုင်ငံများမှ ဘာသာပြန်စာပေများကို ပိုပြီးဖတ်ခဲ့ဖြစ်၏။ တစ်ဖန် တိုးတက်သော လက်ဝဲယိမ်း လူငယ်စာရေးဆရာများကလည်း ဆိုရှယ်လစ် ကွန်မြူနစ်စာပေများကို မဂ္ဂဇင်း များတွင် စဉ်ဆက်မပြတ် ဘာသာပြန်ရေးသားခဲ့ကြပါသည်။

 

ကမ္ဘာ့ကျော်ရုရှားစာရေးဆရာကြီးများဖြစ်ကြသော လီယိုတောလ်စတွိုင်း၏ “စစ်နှင့်ငြိမ်းချမ်းရေး”၊ မက္ကဇင် ဂေါ်ကီ၏ “အမေ”၊ ဆရာဇော်ဂျီဘာသာပြန်သည့်  နိုင်ငံခြားဝတ္တုတိုများ စသဖြင့်။ တစ်ချိန်တည်းမှာ ဆရာမြသန်းတင့် ဘာသာပြန်ရေးသားပြီး အမျိုးသားစာပေဆုရရှိခဲ့သော အမေရိကန်စာရေးဆရာမ မာဂရက်မစ်ချယ်၏လေရူး သုန်သုန်၊ ဆရာမောင်ဆုရှင် ဘာသာပြန်ရေးသားပြီး အမျိုးသားစာပေဆုရခဲ့သောကမ္ဘာ့ကျော်စာရေးဆရာ ကြီး အားနက်စ်ဟဲမင်းဝေး၏ ပင်လယ်ပြာနှင့်တံငါအို စာအုပ်များသည်လည်း ဘာသာပြန်စာဖတ်ပရိသတ်၏ စိတ်ကြိုက်ဘာသာပြန်စာအုပ်များဖြစ်ခဲ့ပါသည်။

 

သို့ဖြစ်ပေရာဘာသာပြန်စာအုပ်များကို ပြန်ဆိုရေးသားခဲ့ကြသော စာရေးဆရာကြီးများနှင့် ယင်းဘာသာပြန်စာအုပ် များအား ရွေးခြယ်ပုံနှိပ်ထုတ်ဝေပေးခဲ့ကြသည့် ထုတ်ဝေသူများအားလုံးအား ကျေးဇူးအထူးတင်ရှိရပါသည်။

 

အယ်ဒီတာ

“ဒေါင်းမင်း”စာပေ   

စင်ကာပူနိုင်ငံ။

E-mail: editor@daunmin.com


ဘယ်စာကို မောင် ဘယ်လိုဖတ်မလို့တုန်း

ယခုစာကို မရေးခင်လေးမှာ သီချင်းစာသားအနေဖြင့်ကော ရှင်ပြုပွဲများတွင် ရှင်လောင်းလှည့်သော အခါ 'သျှိုး' လိုက်ရတုအနေဖြင့်ပါ ကြားရတတ်သည့်စာသားလေးကို အမှတ်မထင် သတိရလိုက်မိ ပါသည်။

'ဘယ်စာကို ဘယ်နှဝါ မောင် သင်မတုန်း' ဟူ၍။

 

သို့ဖြစ်ရာ ယခုစာ၏ခေါင်းစဉ်လေးကို အထက်ကစာသားအား သံယောင်လိုက်ပြီး 'ဘယ်စာကို မောင် ဘယ်လိုဖတ်မလို့တုန်း' ဟု အမည်ပေးလိုက်ရသည်။

 

 

စာလိုရေးပြီးပြောရလျှင် မည်သည့်စာပေများကို မည်ကဲ့သို့ဖတ်ရှုပါမည်နည်းဟု ဆိုနိုင်လေသည်။

 

စာအမျိုးမျိုးရှိကြရာတွင် မိမိနှစ်ခြိုက်သော မိမိစိတ်ဝင်စားသော စာများဖြစ်ဖို့ လိုအပ်သလို စာ ကောင်းပေမွန်များဖြစ်ဖို့လည်း အလွန်အရေးကြီးလေသည်။ စာကောင်းပေမွန်များက အဆုံးအမ များပေးသည်။ အသိပညာ ဗဟုသုတများပေးသည်။ အသိအလိမ္မာကို တိုးပွားစေသည်။ စိတ်ဓာတ် အင်အားကို မြှင့်တင်ပေးနိုင်သည်။ ကြီးပွားတိုးတက်ရေးကို ဖြစ်စေနိုင်သည်။ ချုပ်၍ဆိုရသော် လူ ကောင်းလူတော်ဖြစ်စေရန် များစွာမှ ပံ့ပိုးပေးနိုင်လေသည်။

 

တစ်ဖန် မိမိဖတ်ချင်သည့်စာကို စိတ်ကြိုက်ရွေးခြယ်ခြင်း၊ စာကောင်းပေမွန်ဖြစ်ခြင်းဖြင့် လုံလောက် ပြည့်စုံမှု မရှိသေးပေ။ မိမိဖတ်ရှုလိုသော ကဗျာ ၀တ္တု ပြဇာတ် ဆောင်းပါး အစရှိသည့်စာပေများကို မည်သို့မည်ပုံ အကျိုးရှိစွာ ဖတ်တတ်ရန်လည်း အထူးလိုအပ်လှ၏။

 

ယင်းနှင့်ပတ်သက်ပြီး 'ဗုဒ္ဓ သို့မဟုတ် အနှိုင်းမဲ့''ကုသိုလ်နှင့် အကုသိုလ်' အစရှိသည့်စာအုပ်များကို ရေးသားပြုစုခဲ့သူ ဆရာကြီးဦးရွှေအောင်က စာဖတ်သူအမျိုးအစားအား အောက်ပါအတိုင်း ခွဲခြား ပြောပြခဲ့သည်ကို မှတ်သားရဖူးသည်။

 

စာဖတ်သူများကို အမျိုးအစားခွဲခြားလျင် စာကို နောက်က လိုက်၍ဖတ်သူ ၊ စာကို ရင်ဘောင် တန်း၍ ဖတ်သူ ၊ စာကို ရှေ့က ကြို၍ဖတ်သူ.. ဟူ၍ သုံးမျိုး ခွဲနိုင်ကြောင်းတွေ့ရသည်

စာကို ဖတ်သောအခါ စာ၏သဒ္ဒါအနက်ကိုသာသိပြီး သဒ္ဒါနက်အတိုင်း ခံယူကျင့်သုံးသော စာ ဖတ်သူများကို စာကို နောက်က လိုက်၍ဖတ်သူများအမျိုးအစား၌ ထည့်သွင်းပါသည်။

 

စာ၏သဒ္ဒါ အနက်ကို ဖောက်ထွင်း၍ စာရေးသူ၏ စေတနာ ၊ စာရေးသူ၏ ရည်ရွယ်ချက် ၊ စာရေး သူ၏နှလုံးသွင်းကိုသိပြီး ယင်းအတိုင်း ခံယူကျင့်သုံးသော စာဖတ်သူများကို စာကို ရင်ဘောင်တန်း ၍ဖတ်သူများအမျိုးအစား၌ ထည့်သွင်းပါသည်။

စာရေးသူ၏ စေတနာ ၊ စာရေးသူ၏ ရည်ရွယ်ချက် ၊ စာရေးသူ၏နှလုံးသွင်းကို ထွင်းဖောက်၍ စာ ၏ အနတ္တအနက်တိုင်အောင်သိပြီး ယင်းအတိုင်း ခံယူကျင့်သုံးသော စာဖတ်သူများကို စာကို ရှေ့ က ကြို၍ဖတ်သူများ အမျိုးအစား၌ ထည့်သွင်းပါသည်။

 

စာဖတ်သူများအနေဖြင့် မိမိသည် မည်သည့်စာဖတ်သူအမျိုးအစားတွင် ပါဝင်နေကြောင်းကို သတိ ပြုကြစေချင်ပါသည်။

 

အသက်ရှင်ရေးနှင့် အားအင်ရှိစေရေးတို့အတွက် အစားအစာများကို စားသောက်ကြရာတွင် ၀မ်းဝ လျှင်ပြီးကောဆိုပြီး ပါးစပ်အထဲသို့ အစားအစာထိုးသွင်းကာ အလောသုံးဆယ် မြိုချရုံဖြင့်မပြီးပဲ မိမိ စားသောအစားအစာ၏အရသာကို သိရှိခံစားတတ်ဖို့လိုအပ်သလို မိမိ၏၀မ်းအတွင်း၌ အစားအစာ များ ကောင်းစွာကျေညက်မှုရှိစေရန် အချိန်လုံလောက်စွာပေးပြီး ၀ါးရမည်လည်းဖြစ်သည်။

 

အလားတူစွာပင် စာကိုဖတ်ကြရာတွင်လည်း စာကို ပြီးပြီးကော အပေါ်ယံမျှ ဖတ်ခြင်းမျိုးမပြုလုပ်ပဲ စာမှပေးသည့် ရသကိုခံစားလျက် စာ၏ဆိုလိုရင်းအနက်ကို ကောင်းစွာထိုးထွင်းသိရှိနားလည်နိုင် စေရန် ကျေညက်စွာ ဖတ်ရှုဖို့ လိုအပ်သည်ဖြစ်၏။ မိမိဖတ်သောစာအမျိုးအစားကိုလိုက်ပြီး တစ်စုံ တစ်ရာသော အားထုတ်မှုပြုပါမှ စာဖတ်ရကျိုးနပ်မည်ကို သတိချပ်အပ်ပေသည်။

 

စာဖတ်ချင်သူတိုင်း စာပေကို ချစ်မြတ်နိုးကြသူတိုင်း စာဖတ်တတ်ကြစေချင်ပါသည်။

 

အယ်ဒီတာ

“ဒေါင်းမင်း”စာပေ   

စင်ကာပူနိုင်ငံ။

E-mail: editor@daunmin.com

 

စာဖတ်သော ၀ါသနာ

လူတို့၌ ၀ါသနာအမျိုးမျိုး ရှိတတ်ကြ၏။

အချို့ က အားကစားလေ့ကျင့်လိုက်စား မှု ၀ါသနာပါသည်။ အချို့ က သီချင်းဆို ၀ါသနာပါသည်။ အချို့ က ကခုန်ဖို့ ၀ါသနာပါသည်။ အချို့  က အချက်အပြုတ်မှာ ၀ါသနာပါသည်။ အချို့ က သစ်ပင်ပန်းပင်စိုက်တာ ၀ါသနာပါသည်။ အချို့  က စာဖတ်စာရေးရန် ၀ါသနာပါသည်။

အမှန်မူ လူတစ်ဦးတွင် ၀ါသနာထုံမှု တစ်ခုမက ရှိနိုင်လေသည်။ သို့တစေ ၀ါသနာတစ်ခုတည်းကို သာ ထူးထူးခြားခြား စွဲလမ်းနှစ်ခြိုက်ခြင်းလည်း ရှိတတ်သေး၏။

မိမိသည် ကနဦးက စာဖတ်ဝါသနာ အထူးပါခဲ့သည်။ စာဖတ်များရာမှ စာများကို စမ်းပြီးရေးလာခဲ့ ပြန်၏။ ထို့နောက် စာများကို ဆက်တိုက်ပို၍ရေးဖြစ်ပြီး စာရေးဆရာဟူသောအမည်တစ်လုံးကို နှစ် နှစ်ခြိုက်ခြိုက်ကြီး ခံယူမိခဲ့၏။ သည်အခါမှာ စာဖတ်ခြင်းတွင် ပျော်မွေ့ လာခဲ့၏။ စာရေးခြင်းတွင် လည်း နှစ်မြို့ လာခဲ့၏။ နောင်တွင် စာမဖတ်ရ မနေနိုင်သလို စာမရေးရ မနေနိုင်ဖြစ်လာခဲ့တော့ သည်။    

စာဖတ်ရှုရသည့်အရသာနှင့် စာပေရေးသားရသောအရသာတို့ သည် ဆက်စပ်မှုရှိသော်လည်း မတူ ညီသည်များ ရှိနေကြသည်။ စာဖတ်သူအရေအတွက်က စာရေးသူအရေအတွက်ထက် အဆပေါင်း များစွာ များလေသည်။ စာဖတ်ကြသူတိုင်း စာမရေးကြသော်လည်း စာရေးကြသူတိုင်းကမူ စာများ များဖတ်ဖို့ လိုလေသည်။ စာရေးကြသူများသည် စာများများဖတ်ကြခြင်းဖြင့် စာရေးသားရန် ကုန် ကြမ်းပစ္စည်းများ ရရှိနိုင်သကဲ့သို့ စာရေးလိုသောလှုံ့ဆော်ခံစားစိတ်လည်း ဖြစ်စေပါသည်။ 

ဝါသနာဆိုသည်မှာ မိမိလုပ်ချင်သော လုပ်ရန်စိတ်ချမ်းသာသော အချိန်ဖြုံး၍ကောင်းသောအရာဖြစ် သကဲ့သို့ မိမိအား တစ်စုံတစ်ရာအကျိုးဖြစ်ထွန်းခြင်းလည်း ရှိစေတတ်သေးသည်။ ၀ါသနာအမျိုးမျိုး ရှိကြရာတွင် စာဖတ်ခြင်းသည် လူအများစုမှာရှိတတ်သော အကောင်းဆုံးဝါသနာတစ်ခုဖြစ်သည်။ စာဖတ်ခြင်းတွင် လူငယ်လူကြီးဟူ၍ အပိုင်းအခြား မရှိပါချေ။ လူငယ်များအတွက် ကာတွန်း ပုံပြင် ဆုံးမစာ အစရှိသည့်စာများရှိသကဲ့သို့ လူကြီးများအတွက်မူ ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဓ လေ့ထုံးစံ၊ နိုင်ငံရေး၊ စီးပွားရေး၊ ကြီးပွားတိုးတက်ရေး၊ ရာဇ၀င်၊ သမိုင်း၊ သိပ္ပံ ၀ိဇ္ဇာ၊ ၀တ္တုတို ၀တ္တု ရှည်၊ ပြဇာတ်၊ ကဗျာ စသဖြင့် ဖတ်စရာစာအုပ် စာစောင် မဂ္ဂဇင်း ဂျာနယ်များ အမြောက်အများရှိ နေကြသည်။

အရေးကြီးသည်မှာ စာဖတ်သောဝါသနာရှိဖို့ဖြစ်သည်။

ယင်းစာဖတ်သောဝါသနာရှိပါကလည်း မိမိ၏စိတ်အင်အားနှင့် အသိပညာစွမ်းအားများ ကြီးထွား ဖွံ့ဖြိုးသန်စွမ်းလာစေရေးအတွက် မိမိကြိုက်နှစ်သက်ရာစာများကို မဖြစ်မနေဖတ်ကြဖို့ အားထုတ် ကြရပေမည်။

 

အယ်ဒီတာ

“ဒေါင်းမင်း”စာပေ   

စင်ကာပူနိုင်ငံ။

E-mail: editor@daunmin.com